နေပြည်တော် ဇွန် ၁၉
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း International Organization for Migration (IOM) တို့အကြား၂၀၁၈-၂၀၂၁ ခုနှစ်အတွက် သက်တမ်းတိုးချုပ် ဆိုမည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို၂၀၁၈ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ ရွှေ့ပြောင်းသွားလာသူဦးရေများပြားသည့် ဒေသများ၊ ရွှေ့ပြောင်းသွားလာသူများ၏ မိခင်နိုင်ငံ၊ လမ်းခရီး၌ရပ်နားရသည့်နိုင်ငံ၊ ၎င်းတို့သွားရောက် လုပ်ကိုင်ကြမည့်နိုင်ငံတို့တွင်ဖြစ်ပေါ်လာနိုင်မည့် အကျိုးသက်ရောက်မှုများအပေါ်လေ့လာ၍အလုပ် သမားရွှေ့ပြောင်းသွားလာမှုများပြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရွှေ့ပြောင်းသွားလာ မှုနှင့်ပတ်သက်သည့်စီမံကိန်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသူများ၏ စွမ်းရည်မြှင့်တင်ပေးခြင်း၊ အလုပ်သမားပေးပို့သည့် နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အကြားညှိနှိုင်း၍ ရွှေ့ပြောင်းသွားလာခြင်းအတွက် နည်းပညာအကူ အညီပေးခြင်း၊ ရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်၍ အသိပညာပေးမှုတိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့်ယင်းတို့၏ မိသားစုဝင်များအား ရွှေ့ပြောင်းသွားလာမှုနှင့်စပ်လျဉ်း သည့်အသိပညာများဖြန့်ဝေပေးခြင်း၊ လုပ်သားထုဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတို့သည် အလုပ်သမားများရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ပထမအကြိမ် နားလည်မှုစာချွန်လွှာ (၂၀၁၅-၂၀၁၈) ကို ၂၀၁၅ ခုနှစ်ကလက်မှတ်ရေးထိုးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ဒုတိယ အကြိမ်မြောက်သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် IOM အဖွဲ့သို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ညီလာခံ၌ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး IOM နှင့်ပူးပေါင်း၍ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ လုပ်ငန်းများတိုးတက်အောင်မြင်စေရန် စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုး
ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အထောက်အထားများ အမြန်ဆုံးရယူဆောင်ရွက်ထားနိုင်ရေးသတင်းထုတ်ပြန်ချက်
နေပြည်တော် ဇွန် ၂၀
ထိုင်းနိုင်ငံအတွင်း၌ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ် ခေါ် TR–38) ကိုင်ဆောင်ထားသော အလုပ်သမားများ၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများနှင့် ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနမှ အလုပ်ရှင်၊ အလုပ်သမားမှန်ကန်ကြောင်း ထောက်ခံစာထုတ်ပေးထားသည့် (အထောက်အထားမဲ့) အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certification of Identitiy – CI)ထုတ်ပေးရေး စခန်းများကိုနှစ်နိုင်ငံညှိနှိုင်း၍ ၃-၃-၂၀၁၇ ရက်နေ့မှ စ၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် အလုပ်သမားများနိုင်ငံသားစိစစ်ရေးနှင့် လိုအပ်သော အထောက် အထားများရရှိဆောင်ရွက်နိုင်ရေးနောက်ဆုံးကာလအားယခင် သတ်မှတ်ထားသော ၃၁-၁၂-၂၀၁၇ ရက်နေ့မှ ၃၁-၃-၂၀၁၈ ရက်နေ့ထိတိုးမြှင့်ပေးခဲ့ပြီးထပ်မံ၍ နောက်ဆုံးအကြိမ်အဖြစ် ၃၀-၆-၂၀၁၈ ရက်နေ့ထိတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။
သတ်မှတ်ကာလ ၃၀-၆-၂၀၁၈ ရက်နေ့ ပြည့်ပြီးသည့်နောက်ပိုင်းတွင်နိုင်ငံခြားသား အလုပ် သမားစီမံခန့်ခွဲမှုဥပဒေအတိုင်း စတင်ကျင့်သုံးမည်ဖြစ်၍ လိုအပ်သော စာရွက်စာတမ်း အထောက် အထားများ (နိုင်ငံကူးလက်မှတ် သို့မဟုတ် CI၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် Work Permit၊ နေထိုင်ခွင့်ဗီဇာVisa)ရရှိထားခြင်းမရှိသေးသူများအနေဖြင့် ၃၀-၆-၂၀၁၈ရက်နေ့ မတိုင်မီအထောက် အထားများအမြန်ဆုံးရရှိနိုင်ရေးဆောင်ရွက်ထားရန် လိုပါသည်။
ထိုင်းနိုင်ငံအတွင်း CI ထုတ်ပေးရေးလုပ်ငန်းစဉ်ကို Mitr-maitri Road, Din- Daeng, Bangkok ရှိထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့်စမုစခွန် (မဟာချိုင်)ထလေငါးစျေးအနီးတွင် Mobile ယာဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ အလုပ်သမားများ အဆင်ပြေစေရန် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit၊ နေထိုင်ခွင့်ဗီဇာ Visa တပါတည်းရယူနိုင်ရေး One Stop Service (OSS) များဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် Online Registration ပြုလုပ်ထားသော သူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များနှင့် Counter Service Co., Ltd ဝန်ဆောင်မှုပေးနေသော အခြားဆိုင်များ သို့သွားရောက်၍ ဘတ် ၃၁၀ ပေးသွင်းပြီးနီးစပ်ရာ CI ထုတ်ပေးရေးစခန်းသို့ သွားရောက်ထုတ်ယူ ဆောင်ရွက်နိုင်ကြောင်း နှင့် ငွေပေးသွင်းထားပြီးသူများအနေဖြင့်လည်း သတ်မှတ်ကာလအတွင်း CI စာအုပ်များ ထုတ်ယူ ကြရန်တိုက်တွန်းနှိုးဆော်ပါသည်။
ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် အထောက်အထားလက်ဝယ် မရှိသူများ၊ အထောက်အထားပြုလုပ်ထားသော်လည်းသက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူများ၊ အထောက်အထားမရှိဘဲနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူအားလုံးသည် ၃၀-၆-၂၀၁၈ ရက်နေ့မတိုင်မီ မိမိနိုင်ငံသို့ အေးချမ်းစွာပြန်နိုင်ခွင့်ရရှိထားပြီးလက်ရှိအခြေအနေအရ ထိုင်းနိုင်ငံအတွင်းဆက်လက်လုပ်ကိုင်လိုပါက MoUစနစ်ဖြင့်သာတရားဝင်ဝင်ရောက်လုပ်ကိုင်ရမည် ဖြစ်ပါသည်။
နိုင်ငံသားစိစစ်ခြင်းနှင့်အထောက်အထားများထုတ်ယူခြင်း (CIလုပ်ငန်းစဉ်) တို့နှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့်အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာပါကအောက်ပါ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များနှင့်သက်ဆိုင်ရာစခန်း တာဝန်ခံများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်-
အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး – ၀၉၄၈၈၄၅၄၈၄
အလုပ်သမားသံအရာရှိဦးသန်းနိုင် – ၀၆၅၂၂၀၆၉၅၂
အလုပ်သမားသံအရာရှိဦးဇော်မင်းအောင်(ရနောင်း) – ၀၆၅၂၂၀၆၉၅၁
အလုပ်သမားသံအရာရှိဦးအောင်မင်း (မဲဆောက်) – ၀၆၅၂၂၀၆၉၅၃
အလုပ်သမားသံအရာရှိဦးဦးခင်မောင် (ချင်းမိုင်) – ၀၉၉၀၅၉၂၃၅၂
ဦးရဲရန်အောင် (တာဝန်ခံ- စမုစခွန်(မဟာချိုင်) ရုံး) – ၀၉၉၂၁၇၁၃၇၉
ဦးကျော်မျိုးသူ(တာဝန်ခံ- အလုပ်သမားဝန်ကြီးဌာနရုံး) – ၀၈၂၃၅၃၁၂၅၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Letter of Intent လက်မှတ်ရေးထိုး
နေပြည်တော် ဇွန်လ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး HE. Mr. Peter Lysholt Hansen နှင့် ယနေ့ ဇွန်လ ၂၀ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် မြှင့်တင်ရေးအပေါ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေး စွမ်းဆောင်ရည်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံအလုပ်အကိုင် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးရေး နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံ နှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာန တို့အကြား မြန်မာနိုင်ငံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် မြှင့်တင်ရေး အပေါ်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာစစ်ဆေးရေးစွမ်းဆောင်ရည် တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာနတို့အကြား ၂၀၁၅ ခုနှစ်တွင် ၃ နှစ် တာကာလ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးစတင်ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ ပြဋ္ဌာန်းပြီးချိန်တွင် ပေါ်ပေါက်လာမည့် အကျုံးဝင်မှုအခန်းကဏ္ဍအသစ်များ အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုစွမ်းဆောင်ရည် တည်ဆောက်ပေးရေး လိုအပ်ချက်အား ဆက်လက်ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် ၄ နှစ်တာ ကာလ နားလည်မှုစာချွန်လွှာ ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးရေး ကနဦးဆောင်ရွက်ချက် အဖြစ်ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်မှု သဘောတူညီချက် (Letter of Intent) လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး HE. Mr. Peter Lysholt Hansenနှင့် ဦးစီးဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီးပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်မှုသဘောတူညီချက် (Letter of Intent) ကို မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီး HE. Mr. Peter Lysholt Hansen နှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးညွန့်ဝင်း တို့ကအသီးသီးလက်မှတ်ရေးထိုးခဲ့ကြပြီး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ပြီးပါက အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုစွမ်းဆောင်ရည်အပေါ် ဒိန်းမတ်နိုင်ငံ၊ ဒိန်းမတ် လုပ်ငန်းခွင်ပတ်ဝန်းကျင်အာဏာပိုင်အဖွဲ့၊ ကျွမ်းကျင်သူများက စာတွေ့လက်တွေ့ လာရောက် လေ့ကျင့်သင်ကြား သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Skills Test နှင့် Competency Test စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော် ဇွန်လ ၂၁ ရက်
အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမှု EPS-TOPIK (စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း) စာမေးပွဲ Skills Test နှင့် Competency Test တို့ကို ၂၇-၅-၂၀၁၈ ရက်နေ့မှ ၂၈-၅-၂၀၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာ ဖြေဆိုသူ ၅၀၇ ဦးအနက် အောင်မြင်သူ ၄၀၃ ဦးရှိပြီး အရောင်ခွဲခြားနိုင်စွမ်းမရှိသူ (Color Blind) ၁၇ ဦးရှိပါကြောင်း အောင်စာရင်းကို ၁၆-၆-၂၀၁၈ ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ကြေညာငြာသင်ပုန်း၊ POEA Facebook စာမျက်နှာတို့တွင် ကြေညာပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဇွန် ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမှုဆောင် ကော်မတီဝင်များနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ၂၆-၆-၂၀၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီမှ ၁၂၂၀ နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရာတွင် ပြည်ပအလုပ်အကိုင် ဥပဒေ၊ နည်းဥပဒေ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ပြောင်းလဲနေသည့် အခြေအနေပေါ်မူတည်၍ လိုက်လျောညီထွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အေဂျင်စီများ၏ ယုံကြည်ကိုးစားမှုရရှိနိုင်ရေး စံနမူနာပြ လုပ်ဆောင်ရန် လိုကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှ မလိုလားအပ်သည့် ဖြစ်စဉ်များ လျော့ပါးသွားပြီး လုပ်သားပို့ဆောင်မှု လုပ်ငန်းစဉ်အောင်မြင်မည်ဖြစ်ကြောင်း၊ အေဂျင်စီများ၏အကောင်အထည် ဖော်ဆောင်ရွက်ချက်များ မှန်ကန်သေချာသည့်နှင့်အမျှ မလို အပ်သည့် ကြပ်မတ်မှုများကို ဖြေလျော့ပေးရန်ရှိကြောင်း၊ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်၍ စိတ်စေတနာကောင်းဖြင့် ဆောင်ရွက်ပြီး အလုပ်သမားများကို စောင့်ရှောက်ပေးရန် လိုကြောင်း မှာကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်က ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုနှင့် စပ်လျဉ်း၍ အေဂျင်စီများအနေဖြင့် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမား များအတွက် ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များရရှိရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိသားစုလွှဲပို့ငွေများ စနစ်တကျပြန်လည်ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးရန်လိုကြောင်း၊ ပွဲစားများက တရားမဝင်လူစုဆောင်းမှုများကို ဖော်ထုတ်အရေးယူရန်နှင့် တရားမဝင်လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှု လျော့နည်း စေရေး ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
အဖွဲ့ချုပ်ကိုယ်စားလှယ်များမှ ဆပ်လုပ်ငန်းကော်မတီအလိုက် ပြန်လည်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၈ ခုနှစ်၊ စက်မှုဇုန်နှင့် ပိုင်ဆိုင်မှုကဏ္ဍအလိုက် အလုပ်ဌာန၊ အလုပ်သမားဦးရေ စာရင်းများ ကောက်ယူနိုင်ရေး သင်တန်းပေး
နေပြည်တော်၊ ဇွန် ၂၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် “၁၉၄၈ ခုနှစ်၊ အလုပ်အကိုင် ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်းအက်ဥပဒေ” အရ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အလုပ်သမားရေးရာ၊ စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် တိကျမှန်ကန်သော စာရင်းများရရှိနိုင်ရန် အလုပ်ဌာနနှင့် အလုပ်သမာဦးရေ စာရင်းများကို နှစ်စဉ်ကောက်ယူပြုစုလျက်ရှိသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်..
လူမှုဖူလုံရေးအဖွဲ့ သတင်းအချက်အလက်စနစ် (SSB Information System) အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် လ ၂၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System)အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ဝန်ကြီးဌာနအလုပ်သမားရေးရာဆိုင်ရာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၈-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ Mr.Alain Perras၊ IT Senior Consultant၊ ILO တို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းမှ တင်ဒါအဆိုပြုလွှာလက်ခံရရှိမှုအခြေအနေနှင့် သိမ်းဆည်းထားရှိမှုအခြေအနေတို့ အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ILO မှ IT Senior Consultant၊ Mr.Alain Perras မှ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ရေးသားထားသည့် တင်ဒါလမ်းညွှန် (Terms of References)၊ Deliverable List နှင့် တင်ဒါ Evaluation ပြုလုပ်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက်အလက်နှင့်နည်းပညာ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိစိုးထွန်းမှ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ နည်းပညာဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ (Administrative Evaluatin အဖွဲ့) နှင့် (Technical Evaluation အဖွဲ့) သို့ တင်ဒါစိစစ်ရွေးချယ်မှုစံနှုန်းများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဝင်များမှ တင်ဒါစိစစ်ရွေးချယ်မှုစံနှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြု ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို (၁၇:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် ၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် အဖွဲ့အား ယနေ့နေ့လည် ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအမြဲတမ်းအတွင်းဝန် ဦးအေးလွင် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဟူ၍ အပိုင်း၂ ပိုင်း ဖြင့်ဆောင်ရွက်လျှက်ရှိရာ အလုပ်သမားရေးရာဆိုင်ရာကဏ္ဍတွင် အဓိကအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးနှင့်ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးရေးတို့ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတွင် အထည်ချုပ်လုပ်ငန်းများသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေနိုင်ရေးနှင့် ဗြိတိန်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များ နှင့်ရင်းနှီးမြုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးတိုက်တွန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်ပရောက်မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေမှုများ၊ ပြည်တွင်းရှိလုပ်သားများ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် သူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNHCR UNDP အဖွဲ့အစည်းများနှင့်သဘောတူလက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ မကြာမီကာလအတွင်း ဘူးသီတောင် မောင်တောဒေသရှိ ကျေးရွာများ၌ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်မည့် အစီအစဉ်များ၊ ပြန်လည်လက်ခံရေးဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့်များ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ ၂၀၁၄ ခုနှစ်တွင်ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့သည့်အခြေအနေများ၊ မကြာမီ နှစ်လည်သန်းခေါင်စာရင်းကောက်ယူမည့်အခြေအနေများ၊ လူမျိုးစုစာရင်းများထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ၊ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ နည်းပညာအလုပ်သင် သင်တန်းသား များစေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် အဖွဲ့အား ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး မှပြောကြားရာ၌ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် အလုပ်သင်အလုပ်သမားစေလွှတ်ရေးတို့နှင့် ပတ်သက်၍ အလုပ်သမားစေလွှတ်ရေးဆောင်ရွက်မည့် မြန်မာနိုင်ငံဖက်မှ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် အဖွဲ့ဝင်အေဂျင်စီများကို နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးထားသည့် သဘောတူညီချက်များအတိုင်းဥပဒေနှင့်အညီ စနစ်တကျ အမြန်ဆုံးအဆင်ပြေ ချောမွေ့စွာစေလွှတ်နိုင်ရေးအတွက်ဝန်ကြီးဌာနဘက်မှလက်ရှိဆောင်ရွက်နေမှုများအားအသေးစိတ်ဆွေးနွေးပြောကြားခဲ့ရာ ဂျပန်နိုင်ငံသံအမတ်ကြီးမှလည်း ဂျပန်နိုင်ငံမှ မြန်မာအလုပ်သင် အလုပ်သမားများအား အမြန်ဆုံးခေါ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် အတွက် လာရောက်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း နှင့် ဂျပန်နိုင်ငံဘက်မှ အလုပ်သမားလိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု အခြေအနေများနှင့် ပြည်လည် လက်ခံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သံအမတ်ကြီးမှသိရှိလိုသည်များ အားမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှပြန်လည်ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲအား ၁၀၀၀ နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများနှင့် တရားမဝင် အလုပ်သမား စုဆောင်းသည့် ပွဲစားများကို အရေးယူဆောင်ရွက်လျက်ရှိ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားများ တရားဝင် စေလွှတ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအား အကျိုးဆောင် လိုင်စင်များ ထုတ်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ အေဂျင်စီများလိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ကာ စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများကို အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ တရားမဝင် အလုပ်သမား စုဆောင်းသည့် ပွဲစားများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်လျက် ရှိပါသည်။
ယင်းသို့ အရေးယူဆောင်ရွက်ရာတွင် အကျိုးဆောင်လိုင်စင်ထုတ်ပေးထားသည့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၅၆ ခုအနက် အေဂျင်စီ ၁၆ ခုအား ပြစ်မှု အလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်းထားခဲ့ပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄ ခုနှင့် တရားမဝင် အလုပ်သမား စုဆောင်း ပြီး ငွေကြေးကောက်ခဲ့သူ ၄၅ ဦးအား တရားစွဲဆိုဆောင်ရွက်လျက်ရှိပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
၂၀၁၈ ခုနှစ် ၊ ဇွန် လ အတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၇၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၀၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၇ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့်အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက် စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ရှိရာ ၂၀၁၈ခုနှစ်၊ ဇွန် လ အတွင်းအောက်ဖော်ပြပါအတိုင်းအလုပ်အကိုင်များဆောင်ရွက်ပေးခဲ့ပါသည်။အပြည့်အစုံသိရှိရန်... (56)
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(IOM)မှ Mr. Willian Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင်၁၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ Mr. Willian Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၁၆၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် IOM နှင့်ပူးပေါင်း၍ မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား များပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ရွှေ့ပြောင်းသွားလာမှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုကာကွယ်စောင့်ရှောက်နိုင်ရန် ရွှေ့ပြောင်းသွားလာရန် အလားအလာ ရှိသည့် နိုင်ငံများနှင့် MOU ရေးထိုး၍ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းကို လျှော့ချနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ၊ကောင်းမွန်သည့်အလေ့အထများနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုမခံရ ရေးစသည်တို့နှင့် ရွှေ့ပြောင်းသွားလာသူများ နေရပ်ပြန်ပို့ရေးနှင့်မိသားစုပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လိုအပ်ချက် များကိုကူညီ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် IOM တို့ အကြားပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များအပြင် ရခိုင်ပြည်နယ်တည်ငြိမ်ရေး နှင့် ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ဖြစ်ပေါ်တိုးတက်မှုများ နှင့်နိုင်ငံတစ်ကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအားရင်းနှီးပွင့်လင်း စွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
မော်တော်ယာဉ် မီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦး၏ မိသားစုဝင်များအား အာမခံကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၁၃
ထိုင်းနိုင်ငံရှိ Tomy (Thailand) Co., Ltd လုပ်ငန်းခွင်သို့ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ Stars Pioneer Co., Ltd မှတစ်ဆင့် ၃၀-၃-၂၀၁၈ ရက်နေ့တွင် တရားဝင် သွားရောက်ခဲ့စဉ် မော်တော်ယာဉ် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦး အတွက် ထိုင်းနိုင်ငံ၊ ဥပဒေအရ ခံစားခွင့်ရှိသည့် နစ်နာကြေးများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊အလုပ်သမားသံအရာရှိရုံး၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရရှိခဲ့၍ အာမခံကြေးပေးအပ်ပွဲအခမ်းအနားကို နေပြည်တော် ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၃-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ Stars Pioneer Co., Ltd မှ တာဝန်ရှိသူများနှင့် သေဆုံးသူအလုပ်သမားများ၏မိသားစုဝင်များ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ အသက်အာမခံကြေး တစ်ဦးလျှင် ဘတ် ၃ သိန်း ၊ Tomy (Thailand) Co., Ltd နှင့် ထိုင်းအေဂျင်စီ Atitaya 2017 Co., Ltd မှ ထောက်ပံ့ကြေးငွေအဖြစ် တစ်ဦးလျှင် ဘတ် ၁ သိန်း၊ စုစုပေါင်း ဘတ် ၄ သိန်းနှင့် ညီမျှသော မြန်မာငွေကျပ် ၁၆,၅၆၇,၂၁၅ (ကျပ်တစ်ရာခြောက်ဆယ့်ငါးသိန်းခြောက်သောင်းခုနှစ်ထောင်နှစ်ရာ တစ်ဆယ့်ငါးတိတိ) ဖြင့် သေဆုံးသူ မြန်မာအလုပ်သမား ၂၀ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၃၁,၃၄၄,၃၀၀ (ကျပ်သုံးထောင်သုံးရာ့ တစ်သိန်းသုံးသောင်းလေးထောင့်သုံးရာတိတိ) အား သေဆုံး သူများ၏ မိသားစုဝင်များထံပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များကို နှစ်သိမ့်အားပေး စကားပြောကြားကာ ၁၂:၃၀ နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့သည်။
အဆိုပါ မော်တော်ယာဉ်မီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၃ ဦးတို့အတွက် ကရုဏာကြေးအဖြစ် မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ်နှစ်ဆယ်သိန်း၊ Stars Pioneer Co., Ltd မှ ငွေကျပ်နှစ်ရာသိန်း၊ Migrant Workers Rights Network၊ မြဝတီမြို့၊ အနှိုင်းမဲ့နာရေးကူညီမှုအသင်းနှင့် မဟာ ကရုဏာစာကြည့်တိုက်တို့မှ ငွေကျပ်တစ်ဆယ့်သုံးသိန်းရှစ်သောင်းနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်လေးဆယ့်သုံးသိန်းတိတိကို ၁-၄-၂၀၁၈ ရက်နေ့ တွင် မြဝတီမြို့၌လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ငွေကျပ်ရှစ်ဆယ့်ရှစ်သိန်းတစ်သောင်းငါးထောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်ခြောက်ဆယ့်သုံးသိန်း၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်ရှစ်ဆယ့်နှစ်သိန်း ခြောက်သောင်းတစ်ထောင် အပါအဝင် စုစုပေါင်း ငွေကျပ်ငါးရာ့တစ်ဆယ်သိန်း ငါးသောင်းခြောက်ထောင်တိတိအား သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ၉-၄-၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၆-၂၀၁၇ ခုနှစ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်
မူဝါဒ ရေးဆွဲချမှတ်သူများ၊ စီမံကိန်းအကောင်အထည်ဖော်သူများ၊ သုတေသနပြုသူများနှင့် အလားတူအသုံးပြုသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြုစုသည့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (မြန်မာဘာသာ) အပြည့်အစုံသိရှိနိုင်ပါရန် (112)
အင်္ဂလိပ်ဘာသာ
ရန်ကုန်မြို့၊ ဗဟိုဆောက်လုပ်ရေးသင်တန်းကျောင်း(သုဝဏ္ဏ)၌ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ ကျင်းပခဲ့ခြင်း
ရန်ကုန်မြို့၊ ဇူလိုင် ၁၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၊ အစည်းအဝေးခန်းမ၌ ၁၄-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမား ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ကျွမ်းကျင် မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ရေးကော်မတီများမှ တာဝန်ရှိသူများ ….. သတင်းအပြည့်အစုံဖတ်ရှုရန်..
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Labour Exchange Office Online Management System
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များအတွက် Labour Exchange Office Online Management System Website တည်ထောင်၍ ဆောင်ရွက် လျက်ရှိရာ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် ဌာန၏ Website ကို အလုပ်ရှင်များ သိရှိအသုံးပြု၍ လိုအပ်သော အလုပ်သမား ရှာဖွေနိုင်ရန် အလုပ်ရှင်များအား အသိပညာပေးခြင်း၊ အလုပ်ရှင်များအနေဖြင့် website မှတစ်ဆင့် အမှာစာတင်၍ အလုပ်သမားမှတ်ပုံတင်သူများမှ ကိုက်ညီအလုပ်သမား ရှာဖွေခန့်ထားခြင်းများကို အခမဲ့ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အလုပ်ရှင်များအား Account ဖွင့်လှစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
သို့ဖြစ်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Labour Exchange Office Online Management System အား ချိတ်ဆက်အသုံးပြုနိုင်ရေး ဆောင်ရွက်မှုအခြေအနေများမှာ ၂၀၁၈ ခုနှစ် ဧပြီလ မှစ၍ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဝန်ကြီးဌာနမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုကြည့်ရှု့အားပေး
နေပြည်တော် ဇူလိုင် ၂၅
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတို့ အတွက် ရည်ရွယ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၂၅ ရက်၊နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၅၁)အနီးသတ်မှတ်နေရာ ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကံ့ကော်ပျိုးပင်ကိုစတင်စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ သစ်ပင်ပျိုးပင်များကိုတပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စု ဝန်ကြီး နှင့်တာဝန်ရှိသူများကလှည့်လည်ကြည်ရှု့အားပေးကြသည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်ပင်၊ ပိတောက်ပင်၊ ခရေပင်၊ ရတနာတန်းဝင်ကျွန်းပင်နှင့် ငုဝါပင် စသည့် နှစ်ရှည်ပင် ပျိုးပင်ပေါင်း(၃၀၀) ကျော် ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။
လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/ အစောင့်/ သန့်ရှင်းရေး(အကူ) ရာထူးနေရာများတွင် ဖြည့်စွက် ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူခြင်း
နေပြည်တော်၊ ဇူလိုင် ၃၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/ အစောင့်/ သန့်ရှင်းရေး(အကူ) ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားနိုင်ရန် အတွက် အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်လွှာ များခေါ်ယူထားရာ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဖူလုံရေးရုံးများနှင့် ချင်းပြည်နယ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးနှင့် ကလေးမြို့နယ်လူမှုဖူလုံရေးရုံးတွင် လျှောက်လွှာများ အခမဲ့ရယူ၍ ၆−၈−၂၀၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက် ဂိတ်များ ဩဂုတ်လ (၈) ရက်တွင် ဖွင့်လှစ်မည်
နေပြည်တော်၊ ဩဂုတ် ၂
မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့်ကူးလူးဆက်သွယ်သွားလာနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ်များ အဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန် စသည့် နယ်စပ်ဝင်/ထွက်ဂိတ်များလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပခရီးသွားများ လွယ်ကူအဆင်ပြေစွာ ဝင်/ထွက် သွားလာလျက်ရှိသည်။
၂၀၁၈ ခုနှစ်၊ မေလ (၁၁)ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီး မစ္စတာဆူရှ မာဆွာရာဂျ်တို့သည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ရာ စာချုပ်လက်မှတ် ရေးထိုးအပြီး ရက်ပေါင်း(၉၀)အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်များ သတ်မှတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
အဆိုပါ သဘောတူစာချုပ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးနှင့် ရီခေါဒါရ်-ဇိုခေါသာတို့အား နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များအဖြစ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ယင်းနယ်စပ်ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်ပြီးပါက သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့်e-Visaပါရှိသော မြန်မာနိုင်ငံသား များသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသောနိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြားသား (တတိယနိုင်ငံသား)များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်/ထွက်သွားလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက် လာသူများအနေ ဖြင့် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်းနှင့် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရသည်။
ထို့အပြင် အဆိုပါအပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များတည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့်အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Borderpass) ဖြင့် နယ်စပ်မျဉ်းမှ (၁၆) ကီလိုမီတာအကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး တစ်ကြိမ်ဝင်/ ထွက် ခွင့်အတွက် (၁၃) ညအိပ် (၁၄) ရက်ခွင့်ပြုမည်ဖြစ်သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များဖြစ်သည့် တမူး-မိုရေး နှင့် ရီခေါဒါရ်-ဇိုခေါသာ နယ်စပ်ဂိတ်(၂)ခုအား ၂၀၁၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန Website ဖြစ်သည့် www.mip.gov.mm တွင်ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သတင်းရရှိသည်။(-)
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှအလုပ်သင်အလုပ်သမားများစေလွှတ် နိုင်ရေးအတွက် ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ အထွေထွေအတွင်းရေးမှူး Mr.Kozo YAMAMOTO နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် သြဂုတ် ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ အထွေထွေအတွင်းရေးမှူး Mr.Kozo YAMAMOTO နှင့် အဖွဲ့အား ယနေ့ညနေ့ ၁၆၀၀ နာရီ အချိန်တွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် အလုပ်သင်အလုပ်သမားစေလွှတ်ရေးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ ၊ ဂျပန်နိုင်ငံဘက်မှ အလုပ်သမားလိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား ၁၇၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။