Quantcast
Channel: အလုပ်သမားဝန်ကြီးဌာန
Viewing all 820 articles
Browse latest View live

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့် Center for Vocational Training (CVT Myanmar)တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

$
0
0

နေပြည်တော်၊ သြဂုတ် ၁၆

လုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပုံမှန်ကျောင်းပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအတွက်သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ လူငယ် များ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာခြင်းတို့အား ရည်မှန်းကာ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် Center for Vocational Training (CVT Myanmar) (ဆွစ်ဇာလန်အခြေပြု INGO) တို့သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် သင်တန်းအဆောက်အဦ တည်ဆောက်ရန်နှင့် စာတွေ့လက်တွေ့ သင်တန်းများ၊ လုပ်ငန်းခွင်မပျက် လေ့ကျင့်ရေးသင်တန်းများ (Dual Training)၊အဆင့်မြင့်ခေတ်မီသောနည်းပညာများ၊အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများသင်ကြားပေးရန် နားလည်မှု စာချွန်လွှာကိုလက်မှတ်ရေးထိုး ကြပါသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးထင်အောင်နှင့် ဒေါ်ဝင်းမော်ထွန်းတို့ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဦးထင်အောင် က အဖွင့်အမှာစကား ပြောကြားကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအာင်နှင့် CVT Myanmar မှ Dr. Karl Kiser တို့က လက်မှတ်ရေးထိုးကြပါသည်။

ထိုသို့ အဆင့်မြင့်နည်းပညာများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းများကို အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာနနှင့် CVT Myanmar တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်သားထု၏ ကျွမ်းကျင်မှုများမြှင့် တင်ပေး နိုင်ခြင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များရရှိစေနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိစေ နိုင်ခြင်းတို့ အတွက် အထောက်အကူပြုပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


အလုပ်ရပ်စဲမှုနစ်နာကြေးနှုန်းထားများသတ်မှတ်ရန် အမိန့်ကြောငြာစာ ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

$
0
0

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ ပုဒ်မ ၃၅ အရ အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများ သတ်မှတ်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၃-၈-၂၀၁၃ ရက်နေ့ နံနက်(၁၀းဝ၀)နာရီအချိန် တွင် နေပြည်တော်ရုံးအမှတ်(၅၁)၊ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးများဖြစ်သော ဦးထင်အောင် နှင့် ဒေါ်ဝင်းမော်ထွန်း၊ တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ တောင်ဒဂုံနှင့်လှိုင်သာယာမြို့နယ် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဥက္ကဋ္ဌများ၊ အလုပ်သမားအဖွဲ့အစည်းများမှအလုပ်သမားကိုယ်စားလှယ်များတက်ရောက်ကြပြီးဝိုင်းဝန်းဆွေးနွေးခဲ့ ကြပါသည်။
ညှိနှိုင်းအစည်းအဝေးအား အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို ဆက်လက်လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်း ရပ်ဆိုင်းရသောအခါတွင်လည်းကောင်း၊ အလုပ်ရှင်မှ အလုပ်သမားအင်အားလျော့ခြင်းအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အလုပ်မှရပ်စဲခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်သမားအား အလုပ်ရှင်မှပေးရမည့် နစ်နာကြေးနှုန်းထားကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက်များနှင့်ကိုက်ညီရန်နှင့် အလုပ်သမား၊ အလုပ်ရှင်(၂)ဦး (၂)ဘက်စလုံးရသင့်သည့် အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားသတ်မှတ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေပွဲ မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခြင်း

$
0
0

မန္တလေးမြို့ ၊ မြို့တော်ခန်းမ(၁)၌ ၂၄-၈-၂၀၁၃ ရက်နေ့နံနက်(ဝ၉းဝ၀)နာရီတွင်ကျင်းပပြုလုပ်သည့် တတိယ အကြိမ်မြောက် အထက်မြန်မာပြည် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပန်းရာဇဝင်ကုမ္ပဏီလီမိတက်မှ ကျင်းပပြုလုပ်ရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးထင်အောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်တောနှင့်သတ္တုရေးရာ ဝန်ကြီး ဦးသန်းစိုးမြင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပန်းရာဇဝင်ကုမ္ပဏီနှင့် လာရောက်ဖွင့်လှစ်ပြသသည့် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများ အခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဆင်းရဲမှု လျှော့ချရေးအတွက် အလုပ် လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရေးနှင့် သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးတို့ဟာအဓိကအခန်းကဏ္ဍမှာ ပါဝင်ပြီး အလွန်အရေးကြီးကြောင်း၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ကွပ်ကဲမှုဖြင့် ပြည်တွင်း အလုပ် အကိုင် ရှာဖွေရေးအေဂျင်စီများ ပူးပေါင်းပါဝင်ပြီး ယခုလို အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများကို ကျင်းပပေးရခြင်းဟာ လူငယ်တွေအပါအဝင်အလုပ်အကိုင်ရှာဖွေနေသူများနှင့် ဝန်ထမ်းလိုအပ်နေသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များတွေ့ဆုံ၍ ရွေးချယ်ခန့်ထားနိုင်ရေးအတွက်တစ်နေရာတည်း၌ အလုပ်ရရှိအောင်ဝန်ဆောင်မှု ပေးသည့် One Stop Service အဖြစ် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ ရည်မှန်းချက်တာဝန်များထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ လူငယ်များအပါအဝင်အလုပ်လုပ်နိုင်သောအသက်အပိုင်း အခြား အတွင်းရှိ သူများကို အလုပ်အကိုင်ရရှိရန်၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရန်၊ အလုပ်သမားအခွင့်အရေးများကိုဥပဒေနှင့်‌ အညီ ရရှိခံစားနိုင်ရန်တို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်နှင့်‌ အလုပ်သမားရှာဖွေရေး ရုံးများတွင် လုပ်သားဈေးကွက်ဆိုင်ရာ အချက်အလက်များကို အလုပ်ရှာဖွေသူများ အနေနဲ့ Online မှတဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဝင်ရောက် ကြည့်ရှုပြီးလွယ်ကူအဆင်ပြေစွာ အလုပ်ရှာဖွေနိုင်ရန် Online Labour Exchange Management System တစ်ရပ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖြစ်မြောက်အောင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်‌လည်း အလုပ်ရှင်များနှင့် အလုပ်သမားများအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမား တစ်ဦးချင်း၏ လိုအပ်ချက်တွေ၊ အလုပ်ဌာနများရဲ့ လိုအပ်ချက် တွေကိုလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊အလုပ်အကိုင် အခွင့်အလမ်း ပြပွဲများကို ရန်ကုန်မြို့မှာ (၅) ကြိမ်၊ မန္တလေးမြို့မှာ(၂)ကြိမ် ကျင်းပခဲ့ပြီး အလုပ်ရှာဖွေသူများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က One Stop Service အနေဖြင့်ဆောင်ရွက်ပေးခဲ့ရာ အလုပ်လျှောက် ထားသူများမှ (၇၅)ရာခိုင်နှုန်းခန့်အလုပ်ရရှိခဲ့ပါကြောင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မန္တလေးမြို့ပေါ်နှင့်အခြားဒေသများရှိ ပြည်သူများ လာရောက်လေ့လာကြပြီး၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တွင် အလုပ်နေရာအတွက် မှတ်ပုံတင်သူပေါင်း(၁၈၁၄)ဦးရှိသည့်အနက်(၉၀ဝ)ဦး အားနေ့ချင်းပြီး အလုပ်ခန့်ထား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း ကျန်ရှိသူများကိုဆက်လက်အလုပ် ခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး အလုပ်သမားဆေးရုံကြီး(မန္တလး)အား ကြည့်ရှုစစ်ဆေးခြင်း

$
0
0

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ၂၄-၈-၂၀၁၃ ရက်နေ့ တွင်မန္တလေးမြို့သို့ရောက်ရှိပြီးနေ့လည်ပိုင်းတွင် မန္တလးမြို့ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံကြီး ဧည့်ခန်းမ တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများ၊လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်အလုပ် သမား ဆေးရုံကြီး အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ကျ အထူးကုဆရာဝန်ကြီးများ၊ဆရာဝန်များ၊သူနာပြု များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပြီး၊ ဆေးရုံတက်ရောက် ကုသနေသည့် အာမခံအလုပ်သမားလူနာများအား အားပေးစကားပြောကြား ခဲ့ပါသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)သို့ ရောက်ရှိပြီး လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

$
0
0

နေပြည်တော် စက်တင်ဘာ ၃

အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၃ အရ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့်အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက် နံနက် ၁၀နာရီက နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် တက် ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးထင်အောင်နှင့်ဒေါ်ဝင်းမော်ထွန်း၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဒေါက်တာဇော်ဦး (Myanmar Development Research Association)နှင့် ကျွမ်းကျင်ပညာရှင်များ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းရေး၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းနှင့်‌စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊တိုင်းဒေသကြီးကော်မတီနှင့်ပြည်နယ် ကော်မတီများ က လေ့လာစိစစ်တွက်ချက်ရာတွင် အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုလိုအပ်ချက်များ၊ လက်ရှိလုပ်ခများ၊ စားဝတ်နေရေးကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်များ၏ ပြောင်းလဲချက်များ၊လိုက်လျောညီထွေရှိမည့် လူနေမှုဘဝ အဆင့်အတန်း၊ တစ်ဦးချင်းဝင်ငွေစသည်တို့အား အဓိကထားစဉ်းစားနိုင်ရေး၊အလုပ်သမားများ၏ရေရှည်အကျိုးစီးပွား ကို လက်တွေ့ အထောက်အကူပြုနိုင်မည့် အခြေခံအချက်အလက်များကို ထည့်သွင်းစဉ်းစားရေး၊အလုပ်ရှင်နှင့် အလုပ် သမား နှစ်ဦးနှစ်ဖက် လက်ခံနိုင်မည့် မျှတသည့် နှုန်းထားဖြစ်ရန် ဆောင်ရွက်ရေးနှင့် သုတေသနလုပ်ငန်းအား ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အားဝိုင်းဝန်းဆွးနွေးအကြံပြုခဲ့ကြကြောင်း သတင်း ရရှိသည်။

လှိုင်သာယာစက်မှုဇုန် ရှိ စက်ရုံများသို့ ဒုတိယဝန်ကြီး ဦးထင်အောင် လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

$
0
0

ရန်ကုန်၊ စက်တင်ဘာလ ၇ ရက်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးထင်အောင်သည် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ၇-၉-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် စက်မှုဇုန် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလုပ်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမားများ၊အလုပ်သမားရေးရာဆောင်ရွက်ပေးသူများနှင့်လူမှုအဖွဲ့အစည်း ဝင်များ အားတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရေး၊ အလုပ်သမားများ ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် အလုပ်ရှင်များမှ အလေးထားဆောင်ရွက်ပေးရေး၊ အချိန်ပိုစေခိုင်းရာတွင် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားသည့် အချိန်ကာလအတွင်းသာ ဆောင်ရွက်ရေး၊ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားစေရန် မိမိလုပ်သားများ၏စွမ်းဆောင် ရည်ကိုစဉ်ဆက်မပြတ်တိုးမြှင့်အောင်ဆောင်ရွက်ပေးရေး၊သက်သာချောင်ချိရေးအပိုင်းတွင် စွမ်းအားရှိသမျှ ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်သည်နှင့်အမျှ အရည်အသွေး မီသည့်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ပြီး ဝင်ငွေကောင်းမွန်၍ အလုပ်သမားများ၏ လူနေမှုဘဝကိုမြှင့်တင်နိုင်ရေး၊ အလုပ်သမားရေးရာဥပဒေသိမှတ်ဖွယ်ရာများကိုကောင်းမွန်စွာသိရှိပြီးဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုများလျော့သွားစေရေး၊ သစ္စာစောင့်သိမှုနှင့် လုပ်ငန်းတိုးတက်မှုသည် ခွဲခြား၍ မရသဖြင့် အပြန်အလှန် အကျိုးပြုနေသည်ကိုသတိပြုရေး၊နိုင်ငံခြားသားလုပ်ငန်းရှင်များကိုမြန်မာ လူမျိုးများ၏ ယဉ်ကျးမှု၊ ဓလေ့ထုံးတမ်းနှင့်အညီ ပြောဆိုဆက်ဆံစေရန် မန်နေဂျာများမှအကြံပေးဆောင်ရွက်ရေး၊အထည်ချုပ် လုပ်ငန်းများတွင် Order မှာယူရာ၌ လုပ်သားအင်အားနှင့် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဆောင်ရွက်ရေး၊လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊အလုပ်သမားများနှင့်ညှိနှိုင်း၍ဖြစ်စေ၊အချိန်ပိုစေခိုင်းမှုကို သတ်မှတ်အချိန်ထက်ပိုမိုမခိုင်း စေရေး၊ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ရေး၊မလွဲသာ၍ အငြင်းပွားမှုများရှိလာပါက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ အရသာ ဆောင်ရွက်ရေး၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် အပေးအယူမျှတစွာဖြင့် ကောင်းမွန်သော လုပ်ငန်းခွင်အတွင်း အကျိုးကျေးဇူးရလာဒ်ကောင်းများကို ရရှိခံစားနိုင်စေရန် ကြိုးစားဆောင်ရွက်ရေးတို့ကို ပွင့်ပွင့်လင်းလင်း အသေးစိတ် ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Great Forever ဇာပန်းထိုးစက်ရုံ၊ Hallmark အထည်ချုပ်စက်ရုံ၊ Esquire ဖိနပ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံ၊ လက်ဝါးအထည်ချုပ်စက်ရုံနှင့် ခွန်းပိုင်ဘလောက်တုံးစက်ရုံများသို့ လှည့်လည်ကြည့်ရှု ၍ လုပ်ငန်းခွင် အေးချမ်း သာယာရေး၊ ကုန်ထုတ်စွမ်းအားမြင့်မားစေရေးအတွက် ကောင်းမွန်သည့် ဆက်ဆံရေးအခြေအနေထားရှိရန်နှင့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် အလုပ်သမားရေးရာ ဥပဒေများကို သိရှိလိုက်နာဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တောင်ကြီးအေးသာယာစက်မှုဇုန်ရှိစက်ရုံများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း

$
0
0

နေပြည်တော် ၊ စက်တင်ဘာလ ၈ ရက်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်း သည် တာဝန်ရှိသူများ လိုက်ပါလျှက် ၅-၉-၂၀၁၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ဝမ်းတွင်းမြို့ နှင့် သာစည်မြို့များရှိ ဝန်ကြီးဌာနလက်အောက်ခံ ဦးစီးဌာန၊အဖွဲ့၊ ကော်မတီရုံးများသို့ရောက်ရှိပြီး အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏အခက်အခဲများ၊လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ဝန်ထမ်းများအနေဖြင့်ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ဥပဒေများအား နားလည်သိရှိနိုင်ရေး လေ့လာဖတ်ရှုထားရန် နှင့် မိမိတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် ကြိုးပမ်းအားထုတ်ကြရန်မှာကြားပြီး ရုံးများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၆-၉-၂၀၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးခွဲတွင် ဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်ရုံးများနှင့် ရုံးခွဲများ၊ ဆေးခန်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရုံးခွဲများနှင့် လူမှုဖူလုံရေးဆေးခန်းအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြအစာစပ် စက်ရုံနှင့်အောင်ကြာဖူး သီးနှံအခြောက်ခံ စက်ရုံများသို့သွားရောက်ပြီး စက်ရုံမှတာဝန်ခံများ၊အလုပ်သမားများလုပ်ငန်းဆောင်ရွက်နေမှု များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီခန်းမသို့ ရောက်ရှိပြီး စက်မှုဇုန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီအဖွဲ့ဝင် များ၊ အလုပ်ရှင်များနှင့် အခြားတာဝန်ရှိသူများအားတွေ့ဆုံပြီး အလုပ်သမားများဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အလေးထားဆောင်ရွက်ပေးရေး၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရေး၊ အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့်အလုပ်သမားများ၏လူနေမှုဘဝကိုမြှင့်တင် နိုင်ရေး၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အလုပ်သမားရေးရာဥပဒေများအား ကောင်းမွန်စွာ သိရှိပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုများလျော့သွားစေရေး၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် နားလည် မျှတစွာဖြင့် ကောင်းမွန်သောလုပ်ငန်းခွင်ဆောင်ရွက်မှုများဖြင့် အကျိုးကျေးဇူး ရလဒ်ကောင်းများ ကို ရရှိခံစားနိုင်စေရန် ကြိုးစားဆောင်ရွက်ပေးရေးတို့ကိုအသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ထိုင်းနိုင်ငံအတွင်းရှိ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင် ကြမည့် လုပ်ငန်းအဖွဲ့ (၅) အား လမ်းညွှန်အမှာစကားပြောကြားခြင်း

$
0
0

နေပြည်တော် စက်တင်ဘာ ၁၃ ရက်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအားနိုင်ငံသားစိစစ်ခြင်းနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင်တာဝန်ထမ်းဆောင်ကြမည့်လုပ်ငန်းအဖွဲ့(၅)ဖွဲ့မှအရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြော ကြားခြင်းအခမ်းအနားကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့နေ့လည်(၁၅းဝ၀)နာရီတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနား သို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမား၊အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့်‌ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ထိုင်းနိုင်ငံတွင်ရောက်ရှိနေသောအထောက် အထား မဲ့ မြန်မာအလုပ်သမားများအား တရားဝင်အလုပ်သမားများဖြစ်စေရေးအတွက်ယခင်ကယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးစခန်း(၁၁)ခု ဖွင့်လှစ်၍ ဆောင် ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါမြန်မာနိုင်ငံသံရုံးအပါအဝင် စခန်း(၅)ခုဖွင့်လှစ်၍ ကျန်ရှိနေသောအထောက်အထားမဲ့မြန်မာအလုပ်သမားများအားတရားဝင်ဖြစ်စေရေး အတွက် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စခန်းများတွင်တာဝန်ထမ်းဆောင်ကြမည့်အရာထမ်း၊အမှုထမ်းများ အနေဖြင့် အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် စေတနာထားပြီး တာဝန် ထမ်းဆောင်ကြရန်နှင့်ကျန်းမာရေး ဂရုစိုက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် အဂတိတရားကင်းရှင်းပြီး မှန်မှန်ကန်ကန် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ကြရန် နှင့် နိုင်ငံတော်အပေါ်သစ္စာရှိပြီး တာဝန်ကျေပွန်သော မြန်မာ နိုင်ငံသားနိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ကြရေးအတွက် အထူးဂရုပြုရန်လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးဌာနကိုယ်စားလှယ်များမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။


လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

$
0
0

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊အလုပ် သမားများ၏ ရပိုင်ခွင့်များအပြည့်အ၀ရရှိစေရန်၊ အလုပ်သမားများ၏ လူမှုအခွင့်အရေးများရရှိစေရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရန်၊ အလုပ်သမားများ ကျန်းမာစွာဖြင့် အပြည့်အ၀လုပ်ကိုင်နိုင်ရန်၊ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ လူမှုဖူလုံရေးအခွင့်အရေးများ ပြည့်ပြည့်၀၀ရရှိစေရန် စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားများကျန်းမာစွာ လုပ်ကိုင်နိုင်စေရေး တို့နှင့် စပ်လျဉ်း သည့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာစိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကို ၁၅-၉-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ် MICT ၀င်းအတွင်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ တွင် ကျင်းပရာ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးသည်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင်အထူးအလေးထားဂရုပြုရမည့်အရေးကြီးသည့်ကိစ္စရပ်ဖြစ်ရာမဖြစ်မနေထည့်သွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အလုပ်ရှင်များအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်ကို ဖြည့်ဆည်းပေးသလို အလုပ်သမားများ၏ ထုတ်လုပ်မှုစွမ်းအားကိုတိုးတက်စေမည့်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ထွန်းကားလာသည်နှင့် အမျှ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်စွမ်း ပိုမိုလာမည်ဖြစ်ပြီး၊ ဆင်းရဲမွဲတေမှုလျော့ချနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာအားနည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များနှင့်အတူ ပါဝင်လာမည့် နည်းပညာအသစ်များကြောင့် စစ်ဆေးစည်းကြပ်မှုပုံစံအသစ်များကို လက်တွေ့ကျကျဖြေရှင်းနိုင်ရန် လုံလောက်တဲ့ စစ်ဆေးရေးအရာထမ်းများ ဖြည့်စွက်ခန့်ထားခြင်း၊ အရည်အသွေးမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနများ သာမက အလုပ်ရှင်၊အလုပ်သမားများ၊ လူမှုအဖွဲ့အစည်းများမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍတွင် မဖြစ်မနေ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ Enchanting Education Center နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ စာတမ်းရှင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ စိတ်ပါဝင်စားသူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းမှုအတွက် နစ်နာကြေးထုတ်ပေးပြီးစီးမှုအခြေအနေ

$
0
0

ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းမှုအတွက် နစ်နာကြေးထုတ်ပေးမှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်၊ ဦးမြူးလမ်း နှင့် ဦးခြိမ့်လမ်းထောင့် အမှတ်(၁၂၈) ရှိ ဦးကျော်ကျော် ပိုင်ဆိုင်သည့် ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းခဲ့မှုနှင့်ပတ်သက်၍ ၂၂-၉-၂၀၁၃ ရက်နေ့တွင် လုပ်သား(၈၀)ဦးခန့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြောင်းနှင့်၂၃-၉-၂၀၁၃ ရက်နေ့တွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်းနှင့်ညှိနှိုင်းရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ပေး မှုဖြင့်ပြေလည်မှုရရှိပြီးအလုပ်ရပ်စဲမှုနစ်နာကြေး၊လုပ်ခကျန်ငွေများကို ၂၄-၉-၂၀၁၃ရက်နေ့တွင်ပေးချေမည်ဖြစ် ကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။
၂၄-၉-၂၀၁၃ ရက်နေ့ နံနက် (၀၉း၀၀)နာရီတွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်ခန်းမတွင် အလုပ်သမားကျား (၃၅)ဦး၊ မ(၆၈)ဦး၊ပေါင်း(၁၀၃)ဦးအတွက်လုပ်ခလစာကျန်ငွေကျပ် ၂၂၆၄၀၇၆/-၊အလုပ်ရပ်စဲမှုနစ်နာကြေးငွေကျပ် ၃၃၆၁၈၂၄၈ိ/-၊ ခွင့်လက်ကျန်ခံစားခွင့် ငွေကျပ် ၄၅၇၇၉၀၀ိ/- စုစုပေါင်းငွေကျပ် ၄၀၄၆၀၂၂၄ိ/-ကို မြို့နယ်အလုပ် သမားညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် ပေးချေပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်းဆိုင်ရာအာဆီယံ စာချုပ် စာတမ်း (မူကြမ်း) ရေးဆွဲရေးအဖွဲ့ နဝမအကြိမ်အစည်းအဝေးကျင်းပခြင်း

$
0
0

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်းဆိုင်ရာအာဆီယံစာချုပ် စာတမ်း (မူကြမ်း) ရေးဆွဲရေးအဖွဲ့ နဝမအကြိမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပါကြပါသည်။
အကြိမ်(၄၀)မြောက် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်းဆိုင်ရာအာဆီယံကော်မတီကိုတည်ထောင်ရန်သဘောတူခဲ့ကြပြီးအဆိုပါ
ကော်မတီ၏ အောက်တွင်ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံစာချုပ်စာတမ်း မူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းထား ရှိကာ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံစာချုပ်စာတမ်း ကို ရေးဆွဲခဲ့ကြပါသည်။
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်းဆိုင်ရာအာဆီယံစာချုပ် စာတမ်းသည် ၂၀၁၅ ခုနှစ်၊ အာဆီယံ အသိုက်အဝန်းတစ်ရပ်တည်ထောင်ရေးအတွက်အရေးပါသည့် စာချုပ်စာတမ်း တစ်ရပ်ဖြစ်သကဲ့သို့ အဆိုပါစာချုပ်စာတမ်းထွက်ပေါ်လာပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် စံသတ်မှတ်ချက် တစ်ခုကို ရရှိလာမည်ဖြစ်ကြောင်း၊ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်ဒေသတွင်းသာမကနိုင်ငံတကာသို့ ရွှေ့ပြောင်း သွားလာလုပ်ကိုင်ရာတွင် အဆိုပါနိုင်ငံများ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရရှိခံစားလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

$
0
0

မြန်မာတစ်နိုင်ငံလုံးတွင် လုပ်ငန်းကဏ္ဍအသီးသီး၌ အလုပ်လုပ်ကိုင်လျက်ရှိကြသော အလုပ် သမားများအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျွမ်းကျင်သူများ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(ILO)မှ ကျွမ်းကျင်သူများ၊ MDRI မှ ကျွမ်းကျင်သူများ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များဖြစ်သော UNDP, IOM, FES စသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာ၌ နိုင်ငံတကာမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ဆောင်ရွက်နေမှုများ၊ အားနည်းချက်နှင့် အားသာချက်များအပြင် မည့်သည့်လုပ်ငန်းကဏ္ဍများတွင် စတင် သတ်မှတ်သင့်သည်၊ မည်သည့်ပုံစံဖြင့် သတ်မှတ်သင့်သည်၊ ထိုသို့သတ်မှတ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို မည်သို့အစပျိုးဆောင်ရွက်သင့်‌သည် စသည်တို့ကို ကျွမ်းကျင်သူများက နိုင်ငံတကာတွင် ကျင့်သုံးမှုစနစ်နှင့် အတွေ့အကြုံများအရ အကြံပြုဆွေးနွေးခဲ့ကြသည်။ ကျွမ်းကျင်သူများနှင့် ဆွေးနွေးမှုရလဒ်များအရ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေး သွားရန်ရှိကြောင်း သိရှိရသည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ၏ နည်းဥပဒေများကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

$
0
0

အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ပထမအကြိမ်မြောက် အစည်းအဝေးအား ၄-၁၀-၂၀၁၃ ရက်နေ့ နံနက်(ဝ၉းဝ၀) နာရီ အချိန်၌ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ စုဝေးခန်းမတွင်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် တက်ရောက်၍အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပထမဆုံးအကြိမ် အမျိုးသားအဆင့် လူမှုဖူလုံရေးအစည်းအဝေးကျင်းပရခြင်းအနေဖြင့် မကြာမီတွင် ကျင့်သုံးမည့် လူမှုဖူလုံရေးဥပဒေသစ်အတွက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊လူမှုဖူလုံရေးဥပဒေသစ်အရ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများမှ သင့်လျော်သောပုဂ္ဂိုလ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ သစ်အား အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းအနေဖြင့် နိုင်ငံတော်၏ အခြေခံအကျဆုံးဖြစ်သော အလုပ် သမား လူတန်းစားများ၏ဘဝအာမခံချက်ရရှိရေး အတွက် ဆောင်ရွက် ပေးနေသောစီမံကိန်းတစ်ရပ်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သည့်အတွက် ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအပြင် ဖွံ့ဖြိုးပြီး နိုင်ငံများပါ မိမိနိုင်ငံ၏ စွမ်းအားရှိသလောက် အကောင်အထည်ဖော်ဆောင် ရွက်နေလျက်ရှိကြပါကြောင်း၊ ယနေ့ခေတ်ကာလတွင် အလုပ်ရှင်နှင့် အလုပ်သမားများသည် အကျိုးတူစီးပွားဖက်များ ဖြစ်ပြီးအပြန်အလှန်အကျိုးပြုပူးပေါင်းလုပ်ဆောင်နိုင်တဲ့ ခေတ်ကိုရောက်ရှိနေပြီဖြစ်၍ နှစ်ဦး နှစ်ဖက် အကျိုးရှိနိုင်မည့် Win-Win စနစ်ကိုကျင့်သုံးအကောင်အထည်ဖော် ဆောင်နေပြီဖြစ်ကြောင်း၊သို့ဖြစ်၍ လူမှုဖူလုံရေးစီမံကိန်းသည်အလုပ်သမားများ၏ အကျိုးအတွက်သက်သက် မဟုတ်ဘဲ အလုပ်ရှင် နှင့် အလုပ်သမားများ အပါအဝင် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ရည်မှန်းပြုစုထားသည့် စီမံကိန်းမျိုးဖြစ်သဖြင့် လူမှုဖူလုံရေးဥပဒေသစ်နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးဆက်လက်ဆောင်ရွက်သွားရ မည် ဖြစ်ပါကြောင်း အကျယ်တဝင့်မှာကြားသွားပါသည်။
အမျိုးသားအဆင့်လူမှုဖူလုံရေး အဖွဲ့ပထမအကြိမ်အစည်းအဝေးသို့ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
လူမှုဖူလုံရေးဥပဒေစတင်အသုံးပြုမှုအနေဖြင့် မြန်မာနိုင်ငံ၏ပထမဦးဆုံးသော လူမှုဖူလုံရေး အက်ဥပဒေကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစတင်ပြဋ္ဌာန်းခဲ့၍ စီမံကိန်းကို ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစတင်အကောင်အထည် ဖော်ခဲ့ကြောင်းသိရှိရပြီး မျက်မှောက် အချိန်ကာလ၌ နိုင်ငံတကာကျင့်သုံးမှုများ၊ အိုင်အယ်လ်အိုကွန်ဗင်းရှင်းများနဲ့ ကိုက်ညီဆီလျော်မှုမရှိတော့ခြင်း၊ အလုပ်သမားများနှင့်အလုပ်ရှင်များ၏ အကျိုးစီးပွားကို ထိရောက်စွာကာကွယ်ပေး နိုင်မှုမရှိတော့ခြင်း စသည်တို့ကြောင့် ဥပဒေသစ်ပြင်ဆင်ရေးဆွဲခြင်းကို ၂၀ဝ၉ ခုနှစ် ကစ၍ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေပုဒ်မ(၁၅)အဖြစ်အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့ ကြောင်းသိရှိရပါသည်။
အဆိုပါအစည်းအဝေးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးနည်းဥပဒေရေးဆွဲပြီးစီးမှုအား အတည်ပြုခြင်း၊ လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း၊ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အယူခံခုံအဖွဲ့ ဖွဲ့စည်း နိုင်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ ရုံးချုပ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျတ်)အား အတည်ပြုပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများချမှတ်ပေးခြင်းနှင့် ထိရောက်သည့်ကျန်းမာရေးဝန်ဆောင်မှု များပေးနိုင် ရန်အတွက် ဆေးရုံ၊ဆေးခန်းများ အဆင့်မြှင့်တင်နိုင်မည့်အကြံပြုချက်များရယူပြီး ဆောင်ရွက်ရမည့် နည်းလမ်းများချမှတ်ခြင်းစသည်များအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကိုအောက်တိုဘာလ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဆဌမအကြိမ်မြောက် အာဆီယံရွှေံ့ပြောင်းလုပ်သားများညီလာခံအတွက်နိုင်ငံအဆင့်အကြို ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

$
0
0

ဆဌမအကြိမ်မြောက် အာဆီယံရွှေ့ပြောင်းလုပ်သားများညီလာခံအတွက်နိုင်ငံအဆင့်အကြိုညှိနှိုင်းအလုပ်ရုံဆွေးနွေး ပွဲကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် နေပြည်တော်ရှိ ဟိုတယ်ရွှေပြည်တော်၌ ကျင်းပရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်ဒုတိယဝန်ကြီး ဦးထင်အောင် နှင့် ကော်မတီဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်သမား၊အလုပ်အကိုင် နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ကိုယ်စားလှယ်များ၊ ILO အဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် INGO, NGO မှ ကိုယ်စားလှယ်များ၊ ASEAN Task Force မှ ကိုယ်စားလှယ် များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ပဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၊ အခြေခံအလုပ်ရှင် အဖွဲ့အစည်းနှင့် အခြေခံအလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ ကြပါသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံနိုင်ငံများအတွင်းသွားလာလုပ်ကိုင်လျက်ရှိသည့်‌ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပိုမိုကောင်းမွန်လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်စေရေး၊ ခွဲခြားဆက်ဆံခံရမှုမရှိစေရေး၊ခေါင်းပုံဖြတ်မှု မခံရစေရေး၊ လိုအပ်မည့်‌ ဥပဒေမူဝါဒများ ထောက်ပံ့နိုင်ရေးတို့အတွက် အထောက်အကူဖြစ်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လမှစ၍ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအို နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့်အင်ဒိုနီရှားနိုင်ငံများတွင်ဆဌမအကြိမ်မြောက် အာဆီယံရွှေ့ပြောင်းလုပ်သား များ ညီလာခံအတွက် နိုင်ငံအဆင့်အကြိုညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ပြီး၊ ထိုအလုပ်ရုံဆွေးနွေးပွဲများ မှ ရရှိ လာသော ရလဒ်များကို ဆဌမအကြိမ်မြောက် အာဆီယံရွှေ့ပြောင်းလုပ်သားများညီလာခံတွင် နိုင်ငံအဆင့် တိုက်တွန်းချက်များ ပါဝင်လာနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်၊ ယခင်ညီလာခံမှရရှိလာခဲ့သော ရလဒ်များကို အကောင်အထည် ဖော်နိုင်မှုအ‌ခြေအနေနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ် နိုင်မည် ဖြစ်ကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများအတွက်ပိုမိုကောင်းမွန်သောရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံအနေနှင့်လည်း ယခုအလုပ်ရုံဆွေးနွေးပွဲမှရရှိလာသော ရလဒ်များကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဘရူးနိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၆) ကြိမ်မြောက်အာဆီယံရွှေ့ပြောင်းလုပ်သားများညီလာခံတွင်တင်ပြဆွေးနွေး မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း နေပြည်တော် ၀န်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးခြင်း

$
0
0

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ထမ်းများနေထိုင်သည့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ ပိတောက်အိမ်ရာ တိုက်အမှတ်(၈၀၆) (၆၀၄) နှင့် (၆၁၄) တို့၌ သန့်ရှင်းသပ်ရပ်မှု ၊ တိုက်ပတ်ဝန်းကျင်တွင် ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှု တို့ကို ၂၄-၁၀-၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း နှင့် အဖွဲ့သည် လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ဝန်ထမ်းမိသားစုများအားလုံခြုံရေးသတိရှိရန်၊စည်းကမ်းစနစ်တကျနေထိုင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသွားရန် တို့ကို စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဒုတိယဝန်ကြီးဦးထင်အောင်ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် တွေ့ဆုံ ဆွေးနွေး

$
0
0

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထင်အောင်သည် ၂၆-၁၀-၂၀၁၃ ရက်နေ့ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၄၃) ရပ်ကွက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ပင်လုံခန်းမ တွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်တွေ့ဆုံ၍ ပြည်ပသို့ မြန်မာအလုပ်သမားများစေလွှတ်သည့် လုပ်ငန်းစဉ်များချောမွေ့မြန်ဆန်စေရေး၊ လုံခြုံဘေးကင်းစွာ ပို့ဆောင်နိုင်ရေး၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေစဉ်မြန်မာအလုပ်သမားများအား အကာ အကွယ်ပေးမှုများ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးထင်အောင်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်တို့မှ လက်ရှိ ဖွဲ့စည်းထားသော မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တွင် အေဂျင်စီများအားလုံး အသင်းဝင်ဖြစ်ရေး၊ အဖွဲ့ချုပ်၏ လုပ်ငန်းများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေး ပြည်ပသို့ မြန်မာအလုပ်သမားများ စေလွှတ်သည့် လုပ်ငန်းစဉ်များတွင် တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ဖြေလျော့ပေးသင့်သည့်လုပ်ငန်းများ ဖြေလျော့ပေးနိုင်ရေး၊ ထိုင်းနိုင်ငံသို့ အလုပ်သမားများစေလွှတ်ရာတွင် ယခင်က ယာယီမြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာမှ ယခုအခါ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ဖြင့်သာ စေလွှတ် လုပ်ကိုင်နိုင်ရေးစသည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများမှ လိုအပ်ချက်များ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဌ နှင့် အမှုဆောင်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ (၁၁၉)ခုမှ အုပ်ချုပ်မှုဒါရိုက်တာများနှင့် ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ်လုပ်သားအင်အားစာရင်းကောက်ယူရေးဆိုင်ရာနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ ကျင်းပ

$
0
0

နေပြည်တော် ၊ နိုဝင်ဘာ ၁၄

၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ၏ လုပ်သားအင်အားစစ်တမ်းကောက်ယူရန်အတွက်အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (ဝ၉းဝ၀) နာရီအချိန်တွင် နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် ဒုတိယဝန်ကြီးများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အခြားဝန်ကြီးဌာနများရှိစာရင်းအင်းနှင့် သက်ဆိုင်သော ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်သားအင်အားစစ်တမ်းကောက်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် နည်းပညာ လုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
နားလည်မှုစာချွန်လွှာ အား အလုပ်သမား၊အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကိုယ်စား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ကိုယ်စား အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Steve Marshall တို့က လက်မှတ်ရေးထိုးကြပါသည်။
ယခုရေးထိုးသည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များမှာ အလုပ်ဌာနစစ်တမ်းများဖြစ်တဲ့ Establishment Surveys ၊ အလုပ်အကိုင်အခကြေးငွေဆိုင်ရာ စစ်တမ်းများဖြစ်တဲ့ Occupational Wages Surveys ၊ ပုံမှန်သတ်မှတ်ထားခြင်းမရှိသော လုပ်ငန်းကဏ္ဍ များဆိုင်ရာ စစ်တမ်းများဖြစ်တဲ့ Informal Sector Surveys ၊ ကလေးလုပ်သားစစ်တမ်းများဖြစ်တဲ့ Child Labour Surveys နဲ့ ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းများဖြစ်တဲ့ School-to-Work Transition Surveys ကောက်ယူခြင်းစတဲ့ လုပ်ငန်းများ ပါဝင်မှာဖြစ်ပြီး အလုပ်သမားနဲ့ အလုပ်အကိုင်ဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ မြန်မာနိုင်ငံ၏ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေး အစီအစဉ်အရ ဆောင်ရွက်နေမှုများအပေါ် လေ့လာဆန်းစစ်ချက်များ၊သုတေသနလုပ်ငန်းများနဲ့ အလုပ်အကိုင်ဆိုင်ရာအညွှန်းကိန်းများ ရရှိရေး အတွက် စိစစ်လေ့လာရေးလုပ်ငန်းများ လည်းပါဝင်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက်အလုပ်သမားကိုယ်စားလှယ်များနှင့်အလုပ်ရှင်ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

$
0
0

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ပင်လုံခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုဆွေးနွေးပွဲသို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ILO ဆက်သွယ်ရေးအရာရှိရုံး (ရန်ကုန်) မှ ပညာရှင်၊ Myanmar Development Resource Institute (MDRI)မှ သုတေသနပညာရှင် ဦးအောင်သူငြိမ်းနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ သုတေသီများနှင့်အကြံပေးပုဂ္ဂိုလ်များ၊ အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပထမဦးစွာအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်မှအဖွင့်‌အမှာစကားပြော ကြားပြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပါသည်။ ဆက်လက်၍ ILO ဆက်သွယ်ရေးအရာရှိ ၏ ကိုယ်စား ILO ဆက်သွယ်ရေးအရာရှိရုံးမှ ကိုယ်စားလှယ် Mr. Ritash Kumar Sarna က အနည်းဆုံးအခကြေးငွေနှင့်စပ်လျဉ်းသည့် နိုင်ငံတကာ အတွေ့အကြုံနှင့် သဘောတရားများကို ရှင်းလင်းပြောကြားပြီးနောက် MDRI မှ သုတေသနပညာရှင် ဒေါက်တာအောင်သူငြိမ်းမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ MDRI မှ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ် များက “အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် ကြုံတွေ့လာနိုင်သည့် ပြဿနာများနှင့်ဖြေရှင်းဆောင် ရွက်နိုင်မည့် နည်းလမ်းများ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်သင့်သည့်နှုန်းထားနှင့် ထိုသို့ သတ်မှတ်ခြင်း ဖြင့် အလုပ်ရှင်များရရှိလာမည့်အကျိုးကျေးဇူး နှင့်အပြစ်များ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်သင့်သည့်နှုန်းထားနှင့် ထိုသို့သတ်မှတ်ခြင်းဖြင့် အလုပ်သမားများရရှိလာမည့် အကျိုးကျေးဇူးနှင့်အပြစ်များ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်သင့် သည့် ပုံစံများနှင့်လစာခေါင်းစဉ်များ၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးနှင့် အပြစ်များ” စသည့် ခေါင်းစဉ်(၄)ခုကို အလုပ်သမားအစုအဖွဲ့(၄)ဖွဲ့၊ အလုပ်ရှင်အစုအဖွဲ့(၄)ဖွဲ့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်မွန်းလွဲပိုင်းတွင် အုပ်စုအလိုက် ဆွေးနွေးရရှိချက်များကို အုပ်စုကိုယ်စားလှယ်များကအသီးသီး တင်ပြခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရလာဒ်များဖော်ထုတ်ခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အထည်ချုပ် မဟုတ်သော CMP လုပ်ငန်းများမှ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များဖြင့် အလားတူ ဆက်လက် ကျင်းပပြုလုပ်သွားရန်ရှိကြောင်းသတင်းရရှိပါသည်။

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

$
0
0

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ် အခမ်းအနား အား နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန တွင် ၁၈-၁၂-၂၀၁၃ ရက်နေ့ နံနက် ၀၉း၃၀ နာရီ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရွှေ့ပြောင်းအလုပ်သမား များ နှင့်ပတ်သက်၍ ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မှ ပေးပို့သော သ၀ဏ်လွှာအား မြန်မာနိုင်ငံ ရှိ IOM အကြီးအကဲ မှ ဖတ်ကြားခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် အခြားဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများဖြစ်သော ဦးထင်အောင် ၊ ဒေါ်ဝင်းမော်ထွန်း နှင့် အခြားဝန်ကြီးဌာများမှ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ ၊ NGO နှင့် INGOs အဖွဲ့အစည်းများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်တွင်း/ပြည်ပအလုပ်အကိုင်အေဂျင်စီများ မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အသိပေးချက်ထုတ်ပြန်ခြင်း

$
0
0

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်နှင့် တရားဝင်ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်တို့အတွက် တရားဝင်လိုင်စင်ရ ပြည်ပ အလုပ်အကိုင်အေဂျင်စီများမှ တစ်ဆင့် ပြည်ပသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းစဉ်တွင် တရားဝင်ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားများ(Smart Card) ထုတ်ပေးလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများသည် ပြည်ပသို့ ထွက်ခွာမည့်လေဆိပ်တွင် စိစစ်နိုင်ရန် အဆိုပါ ပြည်ပအလုပ်အကိုင်သက်သေခံ ကတ်ပြားများ(Smart Card)ကိုတစ်ပါတည်းယူဆောင်သွားရမည်ဖြစ် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
